ဟားခါး မေ ၈
၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဒေသန္တရစီမံကိန်းများသည် ထိရောက်သည့် စီမံကိန်းများဖြစ်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဒေသန္တရစီမံကိန်းများ ဆောင်ရွက်မည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဌာန၏ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်ရန်၊ ထိရောက်သည့် ဘဏ္ဍာငွေ၊ ထိရောက်သည့် ဒေသန္တရစီမံကိန်းများဖြစ်အောင် အလေးထား ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို (၃) လပတ်အလိုက် အစီရင်ခံတင်ပြကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းဌေးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)