ဒေးဒရဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး ရည်ရွယ်၍  မိုးစပါးစိုက်ပျိုးမည့် လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)  ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၆ ရက်နေ့ နံနက်(၉) နာရီက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၂၄၄-က)၊ ဦးပိုင်အမှတ် (၆၆)ရှိ တောင်သူဒေါ်ပု၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ကြဲပက်စိုက်ပျိုးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးမူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုပေါင်း၍  မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)သည် မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းခြင်း၊ မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှု ကာကွယ်ပေးခြင်း၊ ပိုးမွှားရောဂါကျရောက်မှု တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်စေခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်း၊ မျိုးအဖြစ် ထုတ်လုပ်ပါက အပိုဝင်ငွေ ရရှိနိုင်ခြင်းနှင့် လျှော်အဖြစ် အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေဇာလင်း