မြိတ်မြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ

မြိတ် မေ  ၈

၂ဝ၂၆ ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့နံနက် (၈)နာရီခွဲက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွှန့် ထံမှပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ဖတ်ကြားပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှပေးပို့သော ကမ္ဘာ့ကြက်ခြေနီ နေ့ကို ဂုဏ်ပြုသည့် မှတ်တမ်းဗီဒီယိုပြသသည်။

ထို့နောက် ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီ ရရှိသူများ၊ (၁၅)ကြိမ်နှင့်အထက် သွေးလှူဒါန်းခဲ့သည့်တပ်ဖွဲ့ဝင်များ၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ အထွေထွေဗဟုသုတ ပြိုင်ပွဲ၊ တစ်ဦးချင်းပတ္တီးစွမ်းရည်ပြိုင်ပွဲ၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့် ကျင့်ဝတ်အပါး (၅၀) ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အခမဲ့ ရွေ့လျားဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆေးကုသဆောင်ရွက်ပေးနေသော ဆရာဝန်အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ၂ဝ၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )