ဖျာပုံမြို့၌ ခရိုင်အဆင့်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်

ဖျာပုံ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို မေ ၅ ရက်နေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရာတွင်ဖျာပုံခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်‌ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးဇော်လွင်ဦးက “၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ်(ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်း ဥပဒေတွင်ပါဝင်သည့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အမျိုးသားမျော်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေး၊ စားရိက္ခာဖူလုံရေးတို့အတွက်တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရင်း မိမိခရိုင်လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ခရိုင်အတွင်း စပါးအထွက်နှုန်း တိုးတက်ပြီး ဆီဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ တိုင်းဒေသကြီးရဲ့ရည်မှန်းချက် (Driving Plan)ပါ ပေးထားချက်များရရှိရေးကိုလည်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောအောင်ကျော်စိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရေးဆွဲထားမှုနှင့်ပတ်သက်၍ Projector ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ထို့နောက်စီမံကိန်းတာဝန်များ ပေးအပ်ရာ ဖျာပုံခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်‌ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်​ရေးမှူးဦး​ဇော်လွင်ဦးနှင့် အဖွဲ့ဝင်များက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံသို့ စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)