ဟင်္သာတ မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ကုန်းကြီးအုပ်စု၊ နတ်မော်လမ်းရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ရက်(၁၀၀)စီမံချက်ဖြင့် မေ ၅ ရက်နေ့ နံနက် ၁၀ နာရီက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်၊ ခရိုင်မွေး/ကုဦးစီးမှူး ဒေါက်တာ အောင်သူမျိုးနှင့် ဝန်ထမ်းများ၊မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်နှင့်ဝန်ထမ်းများ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၃၀ ဦးခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ရက်(၁၀၀)စီမံချက်ဖြင့် ယခုလိုသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်တို့က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများတိုးတက်လာမှုများ၊ တိရစ္ဆာန်မှ လူသို့ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် ကြိုတင်ကာကွယ်ရမည့် အခြေအနေများအား ပါဝါပွိုင့်များနှင့်တကွ အကျယ်တဝံ့ ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် နည်းပြအဖြစ် ဒေါက်တာယုနန္ဒာအောင် ဦးဆောင်၍ သင်တန်းသား ၂၀ ဦးတို့အား မေ ၅ ရက်မှ ၆ ရက်အထိ နေ့စဥ် ၁၀၀၀ နာရီမှ ၁၆၀၀ နာရီထိ စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)