ချမ်းအေးသာစံ မေ ၈
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကြက်တောင်အသင်းအား သြဝါဒစကားပြောကြားသည့်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ကြက်တောင်အသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်က အားကစားသမားများအား အားပေးစကားပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးကြက်တောင်အသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီးနောက် ကြက်တောင်အသင်းအုပ်ချုပ်သူ ဦးအောင်ကိုကိုမိုးက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ကြက်တောင်အသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)