တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဘုတ်ပြင်းမြို့နယ်အတွင်းရှိ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဘုတ်ပြင်း    မေ      ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက  ဘုတ်ပြင်းမြို့ ဗိုလ်လှဖေ ဆိပ်ခံတံတားသို့ရောက်ရှိ၍  တံတား ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းနှင့် ရေယာဉ်များ အချိန်မရွေး နေ့စဉ်ဝင်ထွက် သွားလာ ဆိုက်ကပ်နိုင်ရေးအတွက်  ဘုတ်ပြင်းချောင်းအား သတ်မှတ်ရေစူးရရှိအောင် စီမံဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ အောင်မင်္ဂလာရပ်ကွက်တိုးချဲ့ ၁၃၁ ဧကအတွင်း  ခရိုင်တရားရုံးမြေနေရာ  မြေဖို့ခြင်း၊ခြံစည်ရိုးကာရံခြင်းလုပ်ငန်းများနှင့် ခရိုင်အဆင့်ရုံးများဆောက်လုပ်မည့်နေရာများအား ကြည့်ရှု၍ ဘုတ်ပြင်းမြို့အားခရိုင်အဆင့် မြို့ပြအင်္ဂါရပ်နှင့်ညီအောင်ဆောင်ရွက်နိုင်ရေး  တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေသည့် လူနာများကိုကြည့်ရှု၍ အားပေးစကားပြောကြားကာ  ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေဘုံသာရပ်ကွက်၌ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သည့် အလျား ၁၅၃ ပေ၊ အနံ ၂၅ ပေ ဝန်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၄)ထပ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)