ကော့သောင်း မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂ဝ၂၆ ခုနှစ်၊ မေ(၈) ရက်တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မဉ္ဇူသကခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်ထံမှပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို ကော့သောင်းခရိုင်ကြက်ခြေနီ ကြီးကြပ်ရေးကော်မတီနာယက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ဖတ်ကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အခြေခံရှေးဦးပြုစုခြင်း(၁/၂၀၂၆)သင်တန်းဆင်းအမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက အခြေခံရှေးဦးပြုစုခြင်း(၁/၂၀၂၆) သင်တန်းတွင် ဆုရရှိသောသင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်၍ ကော့သောင်းမြို့နယ်၊ ကျေးရွာအသီးသီးမှ သင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြ သည်။
ကြက်ခြေနီသည် အခြေခံမူ (၇)ချက်ဖြစ်သည့် လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊စေတနာဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းဆိုသည့် ကြက်ခြေနီ၏ အခြေခံအုတ်မြစ်များကို အမြဲတစေ တန်ဖိုးထားလိုက်နာကာ အရေးပေါ်တုံ့ပြန်ရေးသာမက လူထုအခြေပြု အခြေပြုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍများကိုပါ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ" United in Humanity" "ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ ကြက်ခြေနီ"ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)