ဟားခါး မေ ၉
ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက် ( ၁၀၀ ) စီမံချက်အတွက် ပြုလုပ်သော မိသားစု တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို မေလ ၈ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မွေးမြူသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ဒေသဖြစ်သည့်အပြင် တောင်ကုန်းတောင်တန်းများ ထူထပ်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များထက် များစွာအားနည်းလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများသည် ဒေသတွင်းထုတ်လုပ်သော ကြက်သား ၊ ကြက်ဥများကိုသာ အများအားဖြင့် မှီခိုနေရပြီး လုံလောက်မှုမရှိသောကြောင့် အခြားဒေသမှ ကြက်ဥ၊ ကြက်သားများတင်သွင်းမှုကို အားကိုးနေရကြောင်း၊ အခြေခံပြည်သူများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အသား၊ နို့၊ ဥများကိုလုံလောက်စွာစားသုံးနှိုင်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင်ပါရှိသော ဥစားကြက်၊ အသားတိုးကြက်၊ အသားတိုးဝက်များမွေးမြူမှု အရေအတွက်နှင့် စားသုံးသူ ဦးရေအချိုး မမျှတခြင်းများဖြစ်နေသည်ကို တွေ့ရှိရပြီး မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူရေးကို အားပေးကြရန်၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လမ်းညွှန်မှုအပေါ် ချင်းပြည်နယ်အတွင်း မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော် သည့်အနေဖြင့် ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဥစားကြက်နှင့် အသားတိုးဝက်များကို စနစ်တကျမွေးမြူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ပိုင်တစ်နိုင် ဥစားကြက်နှင့်အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် အခြေခံလူတန်းစားများနှင့် ဝန်ထမ်းများအတွက် အထိုက်အလျောက် ဝင်ငွေရရှိပြီး မီးဖိုချောင်စရိတ်ကာမိခြင်း၊ ကြက်ဥနေ့စဉ်စားသုံးနိုင်ပြီး ကျန်းမာရေးအထောက်အကူပြုသဖြင့် ရေရှည်တွင်ကျန်းမာရေးစရိတ်လျှော့ချနိုင်ခြင်း၊ ဒေသတွင်းကြက်သား၊ ကြက်ဥနှင့် ဝက်သားထုတ်လုပ်မှု တိုးတက်လာ၍ သားငါးကဏ္ဍ GDP မြင့်တက်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် ဥစားကြက်နှင့် အသားတိုးဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှတဆင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မွေးမြူသူများ ပိုမိုသိရှိပူးပေါင်းဆောင်ရွက်နိုင်ပြီး ချင်းပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူသူများကိုယ်စား မွေးမြူသူတစ်ဦးအား တိရစ္ဆာန်အစာများကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက တိရစ္ဆာန်ကုသဆေးဝါးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော် ၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆုန်တလဲမ်းနှင့် ပြင်ပပညာရှင် ဒေါက်တာမိုးဇတ်ထလာကျုံးတို့က ချင်းပြည် နယ်အတွင်း လက်ရှိမွေးမြူထားမှုအခြေအနေများ၊ အသား၊ နို့နှင့် ဥဈေးနှုန်းများ၊ မိသားစုတစ်ပိုင်တစ်နိုင်မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဒေသထွက်စိုက်ပျိုး ရေးထုတ်ကုန်များမှ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်မည့် ထွတ်ကုန်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးကဏ္ဍအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များအား ဆွေးနွေးကြသည်။
စကားဝိုင်း ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မွေးမြူသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြေားကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်