၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း(ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များ ရွှေသောင်ယံမြို့ Sea&Lake Garden သို့လာရောက်လေ့လာ

ရွှေသောင်ယံ မေ ၉

၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း ချောင်းသာ AKARIZ Garden Resort ရှိ တက္ကသိုလ်ပထမနှစ်၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ်များ (၂၉၁)ဦးသည် ယနေ့နံနက် (၈)နာရီ (၁၀)မိနစ်  အချိန်က ကြီးကြပ်ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sea&Lake Garden သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသည်။

သို့ရာတွင် Sea&Lake Gardenရှိ  Mangroove ဒီရေတောများထိန်းသိမ်းထားသောနေရာသို့သွားရောက်လေ့လာပြီး ဥယျာဉ်အတွင်းရှိ အခြားလည်ပတ်စရာနေရာများဖြစ်သည့် ပန်းပုရုပ်ထုပြတိုက်၊ ကျောက်စိမ်းပြတိုက်တို့၌လည်းကောင်း၊ ZIP LINEစီးရာနေရာ၌လည်းကောင်း၊ WATER PARK တွင်ရေကစားနေသည်များကိုလည်းကောင်း၊ Sea&Lakeအသဲတစ်ရာတွင်လည်းကောင်း၊ လှည့်လည်လေ့လာခဲ့ကြကာ ​ နေ့လည်(၁၂)နာရီအချိန်တွင် ချောင်းသာမြို့ AKARIZ Garden Resort သို့ပြန်လည်ထွက်ခွါခဲ့ ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ကို မြန်မာနိုင်ငံအရပ်ရပ်ရှိ တက္ကသိုလ် လူရည်ချွန်မောင်မယ်များနှင့်ကြီးကြပ်ဆရာ၊ဆရာမများ၊တာဝန်ရှိသူများလိုက်ပါလျက်  မေလ (၆)ရက်နေ့မှ မေလ (၁၀)ရက်နေ့အထိ လှည့်လည်လေ့လာလျက်ရှိကြပြီး (၁၁)ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။ 

လေ့လာရေးခရီးစဉ်ကာလအတွင်း ပုသိမ်မြို့ရှိ အထင်ကရ​​နေရာများဖြစ်သည့်ပုသိမ်ထီးနှင့် ပုသိမ်ဟာလဝါလုပ်ငန်းကိုလေ့လာခြင်း၊ ပုသိမ်ရွှေမုဌောဘုရားအားဖူးမျှော်ခြင်း၊ ဘုရားသမိုင်းအားလေ့လာခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ ချောင်းသာမြို့တွင်း၌ ချောင်းသာစျေးတန်းအား လှည့်လည်လေ့လာပြီးစျေးဝယ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါSea&Lake လေ့လာရေးခရီးစဉ်တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိလူကြီးမင်းများ၊ ကြီးကြပ်ဆရာ၊ဆရာမများ၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ (ပြန်/ဆက်)