မြစ်သား မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့်ဆီ ထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စ ရန် ၂၀၂၅-၂၀၂၆ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧကစိုက်ပျိုးထားပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများကသီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဖြူစိုက်တောင်သူများသည် မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင် ၁ ပြည်နှင့် ၄ ဗူးသာကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းဖြူစိုက်ခင်းများ အပွင့်၊ အသီးစတင်ဖူးပွင့်ပြီးလေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ရပါကြောင်း နှမ်းဖြူစိုက်ပျိုးသော တောင်သူဦးဝင်းမြင့်ထံမှသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား နွေနှမ်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ(မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း မြို့နယ်တွင်းရှိတောင်သူများ နွေနှမ်းသီးနှံစိုက်ပျိုးရာတွင် တစ်ဧကသီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကိုကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ယခုနှစ်နှမ်းဖြူစိုက်ပျိုးသည့် ကျေးရွာများဖြစ်သော လက်ပံဆိပ်ကျေးရွာ၊ ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာ၊ နှဲဝဲကျေးရွာ၊ ကဆွန်ကျေးရွာ၊ လမ်းခွကျေးရွာ၊ ပေါမောကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ သမတန်းကျေးရွာ၊ ငါးဆူကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာ၊ ကျန်တောကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ရွှေကြာအင်း ကျေးရွာ၊ ကုက္ကိုစုကျေးရွာတို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်