ကျုံပျော် မေ ၉
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ညောင်ပင်သာ (၃) လမ်းရှိ သုဇနကာရီပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ သုံးထပ်ကျောင်းတော်ကြီး" ဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက် နံနက်က ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ (အငြိမ်းစား) ဗိုလ်ချုပ် ဇေယျကျော်ထင် မောင်မောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ သုဇနကာရီ ပရိယတ္တိစာသင်တိုက် ဆရာကြီး ဒေါ်ကုသလဉာဏီတို့မှ မဟာသဒ္ဓမ္မဇောတိကဓဇ သုံးထပ်ကျောင်းတော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းမှ သုံးထပ်ကျောင်းတော်ကြီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ဗိုလ်ချုပ်(အငြိမ်စား) ဇေယျကျော်ထင် ဦးမောင်မောင်မြင့်က သုံးထပ်ကျောင်းတော်ကြီး၏ ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် သုံးထပ်ကျောင်းတော်ကြီးအတွင်း၌ ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ပွဲနှင့် ကျောင်းလွှတ်ပူဇာရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)