ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းတက္ကသိုလ်၌ သင်ကြားရေးဆရာ/ ဆရာမများနှင့် တွေ့ဆုံ၊ မိုးညှင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေး 

မိုးညှင်း    မေ ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက် ၁၀၀ ကာလအတွင်း ဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဒေသခံများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းကလည်း မိုးညှင်းမြို့နယ်အတွင်း အခြေခံပညာ၊ အဆင့်မြင့်ပညာမှ သင်ကြားရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ နားခါရပ်ကွက် ဇေယျသုခဝါဆိုကျောင်းတိုက် ပဓာနနာယက ဆရာ‌တော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစန္ဒိမာ၏ သက်‌တော်(၉၀)၊ ဝါတော် (၇၀)ရှိ ဆရာတော်၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာသဘင်သို့ တက်ရောက်ပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြကာ ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် အလှူငွေကျပ်သိန်း ၅၀ နှင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့တို့က ပေးပို့ဆက်ကပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာအား ဆက်ကပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ တက္ကသိုလ်သွားလမ်းပေါ် တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရက် ၁၀၀ စီမံချက်ဖြင့် လမ်းဧရိယာအတွင်း ရေဝပ်မှုဖြစ်ပေါ် လျက်ရှိရာ လမ်းဘေးဝဲ/ယာတွင် အရှည်ပေ ၃၀၀၀ ရှိ ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မိုးညှင်းတက္ကသိုလ်သို့ သွားရောက်ပြီး ရတနာခန်းမ၌ ပါမောက္ခချုပ်ဒေါက်တာ နိုင်နိုင်လတ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်လေ့ကျင့်ပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအား အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များအဖြစ် စိတ်ဓာတ်၊ စည်းကမ်းကအစကောင်းမွန်အောင် အခြေခံပညာအဆင့်မှ အဆင့်မြှင့်ပညာအထိ လေ့ကျင့်မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း တိုက် တွန်းမှာကြားသည်။

ထို့နောက် ပါမောက္ခချုပ်က ကျေးဇူးတင်စကားနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၂၅ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အစိုးရသစ်ကာလ ရက် ၁၀၀ စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသော မိုးညှင်းမြို့နယ် နန့်ပုပ်ကျေးရွာရှိ ဂါမဝီဟာရရွာမကျောင်း ဓမ္မာရုံသို့ သွားရောက်သည်။

အဆိုပါ ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဆွေက ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်များအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျေးရွာအတွင်း နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ္မတီးမြို့သို့ ရောက်ရှိပြီး မြို့တော် ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဂျိမ်းဖော၊ ရှမ်းတိုင်းရင်း သားမျိုးနွယ်စုများ၊ ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာစခန်းနေ အိမ်ထောင်စုများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် စပ်လျဉ်း၍ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၏ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နေ့စဉ် လူနေမှုဘဝတွင် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ်လိုအပ်သည့် အရေးကြီး ကဏ္ဍဖြစ်သည်ကို အားလုံးက သိရှိနားလည် လက်ခံမည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စွမ်းအင်အသုံးချနိုင်မှု၊ သုံးစွဲနိုင်မှုအပေါ် မူတည်၍ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားသည်ကို မိမိတို့အိမ်နီးချင်းနိုင်ငံများအား ကြည့်ခြင်းအားဖြင့် မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်ပြည်နယ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ လျှပ်စစ်စွမ်းအင်ပြည့်ဝလုံလောက်စွာအသုံးပြုနိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲ၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်က ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များ၊ ရေအားလျှပ်စစ်စီမံကိန်းကြီးများဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ တိုးတက်မှုနှင့် အနာဂတ်အလားအလာများ၊ ကမ္ဘာပေါ်ရှိ ဆည်ကြီးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဒေသခံပြည်သူများက ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုများ၊ စီမံကိန်း၏ အကျိုးခံစားခွင့်များနှင့် မမျှော်မှန်းနိုင်သည့် အခြေအနေများတွင် မည်သို့ဖြစ်လာမည်ကို သိလိုကြောင်းစသည့်တို့ကို မေးခွန်းများနှင့် မရှင်းလင်းသည်များကို မေးမြန်းကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆိုင်ရာ တွေ့ရှိချက်အပေါ် အခြေခံ၍ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂျိမ်းဖောရိုးရာယဉ်ကျေးမှုအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ယာယီနေရပ်စွန့်ခွာမိသားစုအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်