မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှု ဖူလုံလာစေရေး ငါးသယံဇာတတိုးပွားရေးအတွက် ငါးသားဖောက် ဖြန့်ဖြူးရေးလုပ်ငန်းများ ပိုမိုတိုးမြင့်မားအောင် ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်ငါးကန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ပြည်နယ်ဦးစီးမှူး ဒေါ်ဥမ္မာမိုး၊ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ စခန်းတာဝန်ခံများနှင့် ရုံးဝင်း အတွင်း ဌာနပိုင်ငါးသားဖောက်ကန်များ၌ ငါးခုံးမကြီး၊ ငါးမြစ်ချင်း စသည့် ငါးမျိုးများ သားဖောက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ငါးသားဖောက်များ ဖြန့်ဖြူးရောင်းချပေးနိုင်မှု အခြေ အနေများကို မေးမြန်းကာ ပြည်နယ်ဝန်ကြီးက ကျန်ငါးမျိုးစိတ်များဖြစ်သည့် မြက်စားငါးကြင်း၊ ရွှေဝါ ငါးကြင်း၊ ငါးကြင်းဖြူများအား ဌာနပိုင်သားဖောက်ကန်များမှ တစ်ဆင့် တိုးမြှင့်ဖြန့်ဖြူးနိုင်ရေး မှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ရုံးအစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် မိတ်ဆက်တွေ့ဆုံပြီး ပြည်နယ်ဦးစီးမှူးက ဦးစီးဌာန၏ ရက် ၁၀၀ ကာလအတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် ငါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်များ၊ ပုဂ္ဂလိကပိုင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအား သင်တန်းများ ဖွင့်လှစ်ပေးသွားမည့် အစီအစဉ်များ၊ အင်းလေလံ၊ ငါးမွေးကန်လိုင် အရပ်ရပ်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေးဦးစီးဌာနအနေဖြင့် ငါးမျိုးများ ဖြန့်ဖြူးရောင်းချပေးမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကပိုင် ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန် ဌာနအနေဖြင့် နည်းပညာနှင့် နည်းစနစ်များ၊ ငါးစာရရှိရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရေး၊နှင့် ငါးသယံဇာတပေါများရေးကို အလေးအနက်ထားဆောင်ရွက်ရာတွင် အထူးသဖြင့် ငါးသားပေါက်ချိန် မြစ်၊ ချောင်းအင်းအိုင်များတွင် ငါးဖမ်းဆီးမှုများမရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငါးမျိုးစိုက်ထည့်ခြင်းကို လည်း ယခင်နှစ်များထက် ပိုမိုတိုးမြှင့်စိုက်ထည့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ အနေဖြင့်လည်း အခက်အခဲရှိပါက တင်ပြဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ နန်းကွေ့ ကျေးရွာအုပ်စု၊ နောင်ပုံကျေးရွာအတွင်း ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးဖော်ယူးတူးမြတ်၏ ခြံ၌ ငါးကန်ကြီးများ တူးဖော်၍ ငါးမွေးမြူရေးလုပ်ငန်းများ စနစ်တကျ မွေးမြူ ထားရှိမှုနှင့် မျိုးငါးကန်အတွင်း ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ မြက်စားငါးနှင့် ငါးကြင်းဖြူုများ မွေးမြူထား ရှိမှုနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးထားသည့် တစ်ပိုင်တစ်နိုင် ငါးသားဖောက်ကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဒေသတွင်း စားသုံးမှုများပြားသည့် ငါးမျိုးစိတ် များ စိုက်ထည့်မွေးမြူနိုင်ရေး၊ ငါးလုပ်ငန်းနှင့် ငါးသယံဇာတဖွံ့ဖြိုးရေးတို့အတွက် ငါးမျိုးများ တိုးမြင့် မွေးမြူနိုင်ရေး၊ ငါးသားဖောက်ကန်ရေရှိရေးနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ရေတွင်းတူးဖော် ၍ ဆိုလာစနစ်ဖြင့် မီးရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ အကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)