မိုးညှင်း မေ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ သည် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်အတူ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ပထမရက်(၁၀၀)စီမံချက်ကာလဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မေ(၇)ရက် နေ့လည်ပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေနှင့် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်/မြို့နယ်တို့မှ တာဝန်ရှိသူများက မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ဒေသတွင်းအစားအစာဖူလုံရေးအတွက် အထောက်အကူပြုမည့် တိရစ္ဆာန်ကူးစက်ရောဂါများ တားဆီးကာကွယ်နိုင်ရေးအတွက် ဒေသခံ ဦးအောင်နိုင်လင်း၏ ဒေသကြက်အကောင်(၂၀၀)ခန့် မွေးမြူထားသော ကြက်ခြံတွင် အပူဒဏ်ခံကြက်လည်လိမ်မျက်စဉ်းရောဂါ(အိုင်တူး) ကာကွယ်ဆေးကို “မိသားစုဝင်ငွေတိုးဖို့ တိုင်းရင်းကြက်မွေးမြူကြစို့” ဆောင်ပုဒ်အတိုင်းလုပ်ငန်းများဆောင်ရွက်ခြင်းများ၊ ဦးရာမူးရ်၏ နို့စားနွားအကောင် (၅၀)ခန့်ရှိသော နွားမွေးမြူရေးခြံနှင့် နို့စားနွားအကောင် (၄၀)ခန့် မွေးမြူထားသော ဦးဂျန်ဒရေး၏ နွားမွေးမြူရေးခြံတို့တွင် ကျွဲ၊ နွားများ ခွာနာလျှာနာရောဂါ (3-way) ကာကွယ်ဆေးထိုးနှံပေးခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် တိရစ္ဆာန် အထောက်အကူပြု ဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးအပ်၍ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခရိုင်အတွင်းရှိ မြို့နယ်များတွင် စီမံချက်ပါအတိုင်း ကျန်ရှိကျေးရွာများတွင် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း