ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဘုတ်ပြင်း မေ ၉

‌တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြေတိုင်းတာခြင်းလုပ်ငန်းကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို မေ ၉ ရက်နေ့ နံနက်က ကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးခရိုင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အဖွင့်အမှာစကား ပြောကြားသည်။ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက အုန်းတောကမ်းကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ နေထိုင်သည့် အိမ်ခြံမြေကွက်များကို  ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြည်သူများဘက်မှ ဆောင်ရွက်ပေးရန် ရှိသည်များ၊ တာဝန်ရှိများက  ကွင်းဆင်းတိုင်းတာဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်‌ဆောင်ရွက်ပေးစေလို့ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်မြေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနများမှ တာဝန်ရှိသူများက မြေတိုင်းတာခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာနေ ရွာသူ/ရွာသားများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးအတွက် မြေတိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)