ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို မေ ၉ ရက်နေ့ နံနက် (၁၀)နာရီက စတင်၍ ကျုံသင်ကျေးရွာရှိ သုတကမ္ဘာစာကြည့်တိုက်နှင့် သက္ကယ်ချောင်ကျေးရွာရှိ ပျိုးခင်းသစ်စာကြည့်တိုက်တို့တွင် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျေးလက်နေပြည်သူများ စာပေလေ့လာဖတ်ရှုမှု ပိုမိုတိုးပွားစေရေး၊ အားလပ်ချိန်များတွင် လူငယ်များ စာကြည့်တိုက်များသို့ ရင်းနှီးကျွမ်းဝင်မှု ရှိစေရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းများအား ရှင်လင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအာဏာပိုင်များ၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်နှင့် ပရိဘောဂများ တိုးပွားရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)