မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်ကြီးနား မေ ၉

မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တပ်ကုန်းရပ်ကွက်ရှိ ဧဝံဂေလိဓမ္မကောလိပ် ကျမ်းစာကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမယစ်ယောရှုက ယခုလို ဘောလုံးအားကစား ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် မိမိတို့ရဝမ်လူငယ်များအနေဖြင့် မူယစ်ဆေးဝါးကင်းစင်၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်လာစေရေးနှင့် ပြည်နယ်လက်ရွေးစင်များသာမက နိုင်ငံလက်‌ရွေးစင် အားကစားသမား များအထိ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ‌ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်း(၂၀)နှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ် ဒုတိယဥက္ကဋ္ဌက ငွေကျပ် (၃) သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရာဒါကောင်းလူငယ်များမှ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ခဲ့ကြပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အသက်(၂၃) နှစ်အောက် ဘောလုံးပြိုင်ပွဲ မြစ်ကြီးနား ရဝမ်လူငယ်အသင်းဖလား ဗိုလ်လုပွဲစဉ်အဖြစ် ကဘူဒန်‌အသင်းနှင့် ခါနန်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှု ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ‌ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဒိုင်လူကြီးများ၊ အကအဖွဲ့များနှင့် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလီပေါ်ရဲ့နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးသိန်းတို့က ဒုတိယဆုရရှိသည့် ကဘူဒန်အသင်းအား တစ်ဦးချင်းလည်ဆွဲတံဆိပ်များနှင့် ဂုဏ်ပြုဆုချီးမြှင့်ငွေကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပထမဆုရရှိသည့် ခါနန်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဖလားတို့ကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)