ကျိုက်လတ်၌ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော "စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား" ကျင်းပ

ကျိုက်လတ် မေ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော "စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား"ကို မေ ၈ ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က စီမံကိန်းလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေမည့် ဆွေးနွေးချက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို အုပ်စု(၄)ခုဖွဲ့၍ ဆွေးနွေးကြပြီး၊ တက်ရောက်လာသူများနှင့် မြို့နယ်မြစိမ်းရောင်လုပ်ငန်းကော်မတီတို့မှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်နှင့် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ကိုကို၊ ဦးဇော်ဝေထက်နှင့် ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသူရရှိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၇၇ယူနစ်(၈၈) ရွာတို့မှ ကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)