ဇလွန် မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် (RS - CS) မျိုးစေ့ထုတ်တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်နှင့် ဆင်းသုခ(RS)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
တောင်သူနည်းပညာပေးသင်တန်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲရေးနှင့် မျိုးကောင်းမျိုးသန့်များ မဖြစ်မနေ သုံးစွဲကြရန်နှင့် ပတ်သက်၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးနှင့် တာဝန်ရှိသူများက (RS - CS) မျိုးစေ့ထုတ်တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်နှင့် ဆင်းသုခ(RS)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြို့နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းအောင်နှင့် သင်တန်းဆရာများက တောင်သူများအား သင်တန်း ဆက်လက်ပို့ချခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)