ထားဝယ်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ထားဝယ် မေ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် မေ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်  မြို့နယ်မြေစာရင်းဦးစီးဌာနမှူးနှင့် အဖွဲ့များက ကွက်ကြဲ၊ ကွက်စိတ် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်/ ကျေးရွာအဆင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍ စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် သဗြေချောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်/ ကျေးရွာအဆင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး သတ်မှတ်ကာလအတွင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့် အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများနှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းများ လုပ်ငန်းများဆောင်‌ရွက်ပေးကာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)