လပွတ္တာမြို့နယ်တွင်ရွေးနဒီ ရေပေါ်ဈေး ဆိပ်ခံတံတားဖွင့်ပွဲကျင်းပ

လပွတ္တာ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင် (၂၄) ဦးမှမတည်၍ ဈေးသူဈေးသားများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် လပွတ္တာမြို့ အမှတ် (၆) ရပ်ကွက်ရှိ ရွေးနဒီရေပေါ်ဈေး ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက  ဖွင့်လှစ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တံတားဖြစ်မြောက်ရေးအတွက်ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်(၂၄)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး တံတားသစ်ကမ္ပည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းသည်။

အဆိုပါတံတားသည်အလျား(၉၅)ပေ အနံ(၃၅)ပေရှိပြီး အချက်အချာကျသောနေရာတွင်တည်ရှိရာ အဆိုပါတံတားတွင် လပွတ္တာမြို့နယ်အတွင်းရှိကျေးရွာများမှ လိုင်းသင်္ဘောများ ဆိုက်ကပ်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းနှင့်ပြည်သူများအတွက် သွား‌လာရေးအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်