မန္တလေး မေ ၉
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) က ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ စာရင်းစစ်ချုပ် ဒေါ်ခင်ခင်သီနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်များမှ ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းတက်ရောက်ကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များရဲ့အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စများ ထူးချွန်ထက်မြက်နေစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်စုံနေစေရန်နှင့် စွမ်းရည်မြင့်မားစေရန် ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိရာ အနာဂတ်ကာလရဲ့ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ဘက်စုံထူးချွန်ထက်မြက်တဲ့ လူငယ်များပေါ်ထွန်းလာစေရန်၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသုခုမအနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ယခုလိုနွေရာသီကျောင်းပိတ်ရက်မှာ အခြေခံဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပု သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တက်ရောက်သင်ယူကြတဲ့ ကျောင်းသား၊ လူငယ်များအနေနဲ့ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ယူကြတယ်ဆိုတာ သိရတဲ့အတွက် များစွာအားရကျေနပ်မိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိဝါသနာပါတဲ့ အနုပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ယူခွင့်ရတဲ့အတွက် အနုပညာရဲ့ သိမ်မွေ့နက်နဲကျယ်ပြန့်ပုံကို လေ့လာဆည်းပူးသိရှိခဲ့ကြမယ်လို့ ယုံကြည်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်ထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့သားတို့၊ သမီးတို့ မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံတော်အတွက် အားထားရမည့်သူများဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့မျက်မှောက်ခေတ်မှာနည်းပညာများ တိုးတက်ပြောင်းလဲမှုနှင့်အတူ ကူးလူးဆက်နွယ်လာတဲ့ ပြည်ပယဉ်ကျေးမှုများကိုလည်း နားလည်လက်ခံပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအနုပညာရပ်များကို ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းဟာ နိုင်ငံတော်ကို ယဉ်ကျေးမှုခံတပ်ဖြင့် တစ်နည်းတစ်ဖုံကာကွယ်ရာရောက်ပါကြောင်း၊ သားတို့သမီးတို့ကို မှာကြားချင်တာကတော့ စာပေနဲ့အနုပညာဆိုတာ ဆက်စပ်ယှဉ်တွဲနေတာမို့ အတန်းပညာရပ်များကို လေ့လာသင်ယူရင်း မိမိတို့ဝါသနာပါရာ သုခုမအနုပညာရပ်တွေကို ဆက်လက်လေ့လာဆည်းပူးကြပြီး အနုပညာရပ်များသင်ယူမှုကရရှိတဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများနဲ့ တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်ပြီး ဗလငါးတန်နဲ့ပြည့်စုံတဲ့ ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသွားကြပါလို့မှာကြားလိုကြောင်း၊ မိမိတို့အမျိုးသားအနုပညာကို ကာကွယ်သူ၊ စောင့်ရှောက်သူ၊ ဆက်ခံသူများဖြစ်ကြပါစေ၊ ထူးချွန်ထက်မြက်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေ၊ ပညာရဲရင့်ပွဲလယ်တင့်ကာ မိမိအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားသွားပါသည်။
ဆက်လက်ပြီး နွေရာသီ အခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်းတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်ပညာရေးမှူး ဒေါ်ခင်လေးဖြူက လက်ခံရယူပါသည်။
ထို့နောက် နွေရာသီအခြေခံ ဂီတ၊ အဆိုနှင့် အကသင်တန်းတက်ရောက် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ အဆို၊ အတီး၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။
ယခု ဖွင့်လှစ်ခဲ့သည့် နွေရာသီ အခြေခံဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်းတွင် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား ၈၄ ဦး၊ ကျောင်းသူ ၁၀၅ ဦး၊စုစုပေါင်း ၁၈၉ ဦးတက်ရောက်အောင်မြင်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ၊ ပန်းပုလက်ရာမွန်များကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)