ကြံခင်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဉီးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကြံခင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ဖွဲ့စည်းရခြင်း နှင့်ပက်သက်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဉီးစီးမှူးက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေများ၊ နည်းဥပဒေများပါ အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကြီးကြပ်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ကြံခင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွပ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) အုပ်စုပြီး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးကော်မတီအဖွဲ့များက လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)