မြင်းခြံ မေ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဆန္ဒတော်ပြည့်စေတီတော် (ဒုတိယအကြိမ်) ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အထွဋ်တော်တင်ပွဲ အခမ်းအနားကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက် ယနေ့ နံက် ၇ နာရီမှစတင်၍ ကျင်းပသည်။
အခမ်းအနားတွင် မြင်းခြံမြို့ ကိုးဆောင်တိုက် သီရိမာလာကျောင်း ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဇောတိပါလ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်သည်။ ဆက်လက်၍ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည်များကို သံဃာတော်များထံဆက်ကပ်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဇျယ်တော်မူသေု ပရိတ်တရားတော်များနာယူကာ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို ဆရာတော်သံဃာတော် အရှင်မြတ်များထံ ဆက်ကပ်အပ်နှင်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ လှူဒါန်းမှူအစုစုအတွက် မင်းကွန်းမိုးမိတ်ကုန်းမြေတိပိဋက နိကာယကျောင်းတိုက် တိပိဋက နှစ်ပုံခွဲအောင် အဂ္ဂမဟာအကျော် ဘဒ္ဒန္တ ဝါသေဋ္ဌထံမှ အနုမောဒနာ ရေစက်ချ တရား နာယူသည်။
ဆက်လက်၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား ဆန္ဒတော်ပြည့်ဘုရား ရင်ပြင်ပေါ်တွင် လက်ယာရစ်လှည့်လည် အပူဇော်ခံခဲ့ပြီး ပန်းရထားဖြင့် ပင့်ဆောင် တင်လှူခဲ့ကြသည်။
အခမ်းအနားသို့ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးဝင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)