အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်လေးများ သမိုင်းဝင်ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်လေ့လာလည်ပတ်

ညောင်ရွှေ   မေ  ၈

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်းလူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက် ၇ နာရီက အ‌ခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ပင်းတယမြို့ အထင်ကရနေရာတစ်ခုဖြစ်သည့် ရွှေဥမင်သဘာဝလှိုဏ်ဂူဘုရားသို့ ရောက်ရှိလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးအောင်ပြည့်စုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းလေးများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် ပန်းစည်းများကမ်း၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များဝှေ့ယမ်း၍လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်ကခုန်၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် တာဝန်ရှိသူများနှင့်အတူ သဘာဝ လှိုဏ်ဂူဘုရားကြီး အတွင်း ဝင်ရောက်လေ့လာကြရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက ဘုရားသမိုင်းများနှင့် ဂူအတွင်းပိုင်းရှိထူးခြားမှုများအကြောင်းကို လိုက်လံရှင်းလင်းပြသ ပေးခဲ့ကြသည်။

၎င်းနောက် လူရည်ချွန်မောင်မယ်လေးများသည် ဘုရားပရဝန်ရှိ ဈေးဆိုင်ခန်းများ၌ ဒေသရိုးရာ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် လူရည်ချွန်မောင်မယ်လေးများသည် သမိုင်းဝင် ပုန်းတလုတ် ရေကန်ကြီးသို့ ရောက်ရှိလည်ပတ်ကြပြီး အ-ထ-က(၁)သို့ သွားရောက်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

ယင်းနောက် အ-ထ-က(၁)ခန်းမတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး လူရည်ချွန်မောင်မယ်လေးများနှင့်အတူ နေ့လယ်စာအတူတကွ နေလယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ