တောင်ကြီး မေ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန် မောင်/မယ်များအားတွေ့ဆုံ၍ လူငယ်ရေးရာကဏ္ဍရပ်များအား ပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ၁၉၆၄ - ၁၉၈၈ ခုနှစ် လူရည်ချွန်ဥက္ကဋ္ဌ၊ လူရည်ချွန်ကြီးများနှင့် တာဝန်ရှိသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များနှင့် ကြီးကြပ်သူဆရာ/ဆရာမများ တက်ရောက်ခဲ့ကြ ပါသည်။
ဦးစွာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၁၉၇၄ခုနှစ် လူရည်ချွန် ဒေါက်တာ မောင်သင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တည်ဆောက်ရေးတွင် အရေးပါသော အင်အားစုများ ဖြစ်ပြီး၊ ဆန်းသစ်သောအတွေးအခေါ်၊ စွမ်းရည်နှင့် ကာယ/ဉာဏအင်အား ပြည့်ဝသူများ ဖြစ်သော ကြောင့်နိုင်ငံတော်မှ အားထားရသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ပေါက်လာစေရန်ရည်ရွယ် ကာ အနာဂတ်မှာ လူငယ်များ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဥ်များတွင် အဓိက စွမ်းအားတစ်ခုအဖြစ်ပါ၀င်နိုင်ရန် ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော် လူကောင်းများဖြစ်ပေါ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များကို ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံချစ်သားကောင်း သမီးမွန်များ ဖြစ်လာစေရန် ကြိုစားသွား စေလိုကြောင်း၊ မြန်မာနိုင်ငံ၌လူဦးရေ (၅၁)သန်းကျော်ရှိသည့်အနက် အသက်(၁၅)နှစ်မှ (၃၅)နှစ် အထိ လူဦးရေသန်းပေါင်း (၁၆)သန်းကျော်သည် အနာဂတ်လူငယ်များဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ်သယံဇာတများဖြစ်သည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံပြီးထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းရတနာများ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်စေရေးနှင့်လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ထိထိရောက် ရောက်ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်စေရေးတို့အတွက် ရည်ရွယ်ပြီး ယခုလက်ရှိ အစိုးရလက်ထက်တွင် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ၂၀၂၆ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှာ ပထမဦးဆုံးအနေဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘက်စုံ တိုးတက်သည့်လူငယ်များအဖြစ်ပျိုးထောင်ပေးပြီးနိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေး အတွက် မူဝါဒ (၇)ရပ် ၊ ရည်မှန်းချက် (၇)ချက်နှင့် လုပ်ငန်းစဥ် (၁၀)ရပ်တွင်ပါရှိသည့် အဓိကကဏ္ဍ (၁၆)ရပ်ကို ထိရောက်စွာကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ စခန်းအသီးသီးသို့ပြန်လည်ရောက်ရှိသည့်အခါ ဒေသန္တရ ဗဟုသုတများကိုလေ့လာမှတ်သား၍ လူငယ်များအချင်းချင်းလေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကိုဖလှယ်ကြပြီး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်လိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် မိမိနေရပ်သို့ ပြန်ရောက်သည့်အခါ နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်ကြမည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရ မည်ဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက်သည့်လူငယ်လူရွယ်များဖြင့် အနာဂတ် မြန်မာနိုင်ငံတော်ကြီး ထွန်းတောက်အောင်မြင်ပြီး မောင်တို့မယ်တို့အနေဖြင့် ထိုကဲ့သို့ စွမ်းဆောင်နိုင်သော သားကောင်း သမီးကောင်းများဖြစ်အောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းအမှာစကားပြောကြား၍ လူရည်ချွန်မောင်မယ်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်းနှင့် ၁၉၆၄ - ၁၉၈၈ လူရည်ချွန်ကြီး(၁၁)ဦးမှ တစ်ဦးချင်းမိတ်ဆက်အမှာစကား ပြောကြားခဲ့ကြကာ လူရည်ချွန် မောင်မယ်များအတွက် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)