မြန်အောင် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် "လူမူဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက်က ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်း၌ ပြုလုပ်ပေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေတို့က ဆင်သေကျေးရွာ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အစိုးရသစ် ရက်၁၀၀ စီမံချက်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အိမ်ထောင်စုလူဦးရေစာရင်း၊ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးနေမှု၊ အသက် ၁၈ နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်ဆီးမှုများကို အသစ်လှဲလှယ်ပြုလုပ်ပေးနေမှု၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)