ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ၂၀၂၆-ခုနှစ် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

ပူတာအို  မေ   ၁၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ လူငယ်များစိတ်ကို ပြောင်းလဲစေသောမူးယစ်ဆေးဝါးများကို ရှောင်ရှားတတ်စေရန်၊ လူငယ်ထုများ အားကစားကို စိတ်ပါဝင်စားပြီး အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက် လိုသောအလေ့အထများ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ကျင်းပခဲ့သော၂၀၂၆-ခုနှစ် မြို့နယ်ရဝမ် စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို မေ(၉)ရက် မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံတက်ရောက် ချီးမြှင့်သည်။

ရှေးဦးစွာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများက ဗိုလ်လုပွဲသို့တက် ရောက်လာသည့် အထက်ရှန်ဂေါင်ဘောလုံးအသင်းနှင့် ဆန်ဂေါင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေးကြရာ ဆန်ဂေါင်ဘောလုံးအသင်းက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရဆုဖလားဆွတ်ခူးရရှိသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့်အဖွဲ့ ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင် ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဒခွမ်ဇိန်နှင့်အဖွဲ့ဝင်များ၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများမှ နေရာအလိုက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများ၊ အမျိုးသမီးဘောလုံးအသင်းမှ နှစ်သိမ့်ဆုရ ဘောလုံးအသင်းများ၊ အမျိုးသား တတိယဆုရရှိသော ဒုတ္ထန်ဘောလုံးအသင်းအား တစ်ဦး ချင်းလည်ဆွဲဆုတံဆိပ်နှင့်ဆုငွေ၊ အမျိုးသား ဒုတိယဆုရ အထက်ဆန်ဂေါင်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့်ဆုငွေ၊ အမျိုးသမီး ဒုတိယဆုရ ဆန်ဂေါင်ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့်ဆုငွေ၊ အမျိုးသမီး ပထမဆုရ ကောင်ကထောင် ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့်ဆုဖလား၊ အမျိုးသား ပထမဆုရ ဆန်ဂေါင်ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့်ဆုဖလားအား ပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါပြိုင်ပွဲသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသားဘောလုံးအသင်းပေါင်း (၁၂)သင်း၊ အမျိုးသမီးဘောလုံးအသင်းပေါင်း(၄)သင်းတို့က ဧပြီ(၂၅)ရက်မှ မေလ(၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)