ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဟိုပုံး မေ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မိုင်းလင်းကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေး လုပ်ငန်းအဖြစ် ၂၀၂၆ ခုနှစ် ဧပြီလ(၂၀)ရက်နေ့မှ ဇူလိုင်လကုန်အထိ အသက်(၁၈)နှစ်ပြည့် ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် နိုင်ငံသားများအား မြို့နယ်လဝကရုံးများတွင် ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ(Biometric Data)ကောက်ယူကာ UID (Unique Identity)နံပါတ် စမတ်ကတ်များ ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင် “လမင်းစီမံချက်”ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဟိုပုံးမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ထားပေးသည့် မိုင်းလင်းကျေးရွာအုပ်စုမှ အိမ်ထောင်စုလူဦးရေစာရင်း(၂၂၀)စု၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၅)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၄၃)ကတ်အား ကာယကံရှင်လက်ဝယ်သို့ တစ်ခါတည်းထုတ်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဟိုပုံးမြို့နယ်ဌာနဆိုင်ရာများ၏ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်တို့က မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အသီးသီးပေးအပ်ခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)