တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)တွင် ၂ နှစ်တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ဒေသသို့ပြန်လည်ရောက်ရှိလာသူများအား မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ

တပ်ကုန်း မေ ၁၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)တွင် ၂ နှစ်တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ဒေသသို့ပြန်လည်ရောက်ရှိလာသူ ရှစ်ဦးအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံကို မေ ၉ ရက် နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် MSME လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)တွင် ၂နှစ်တာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ဒေသသို့ပြန်လည်ရောက်ရှိလာသူ ရှစ်ဦးတို့ တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက နိုင်ငံတော်အတွက် အားကိုးယုံကြည်ခဲ့ရသည့် ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် (၂)နှစ်တာဝန် ကျေပွန်စွာထမ်းဆောင်ပြီး မိမိဒေသသို့ ပြန်လည်ရောက်ရှိလာသူ ရှစ်ဦးကို အထူးဂုဏ်ယူပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးကိုလည်း မိမိနှင့်ကိုက်ညီသည့် အလုပ်အကိုင်များကို မြို့နယ်တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ကူညီဆောင်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တပ်ကုန်းမြို့နယ်ရှိ (NNN) ကုန်မာဆိုင်တွင် အလုပ်လုပ်ကိုင်လိုကြောင်း ဆန္ဒပြုသူအား မြို့နယ် MSME လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုက(NNN) ကုန်မာဆိုင်တွင် အလုပ်အကိုင်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်