ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်‌ဆွေ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး မေ ၁

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါရှင်းလင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်ကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်‌ဆွေ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါတင်သွင်းရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများကိုသိရှိနားလည်ပြီး ပါဝင်သင့်သည့်အချက်အလက်များ ကျန်ရှိမှုမရှိ‌ရေးအတွက် တင်ဒါရှင်းလင်းပွဲများဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာချပြရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိတို့စိတ်ဝင်စားသည့် လုပ်ငန်းများ၏ မြေပြင်အခြေအနေမှန်ကို သက်ဆိုင်ရာဒေသအရောက် ကွင်းဆင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းနှင့် တင်သွင်းမည့်လုပ်ငန်းများ အပေါ်တာဝန်ယူမှု တာဝန်ခံမှုရှိရန် လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ မွန်းလွဲ(၁)နာရီအချိန်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးကအမှာစကားပြောကြားရာတွင်နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ဦးစီးဌာနဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပန်းဆောင်ရွက်ကြရန်လို‌အပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဦးစီးမှူးက ဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်များတွင် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ လျာထားချက်များအား အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)