ကလော မေ ၁၁
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကလောမြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူတိုးချဲ့ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်တာဝန်ခံ ဦးကျော်လင်းက ပျားအုံတစ်အုံ၏ ဖွဲ့စည်းပုံ၊ ပျားရောဂါ၊ ပျားမွေးမြူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး၊ ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ နှမ်းတို့ကို ပျားဖြင့် ဝတ်မှုန်ကူးပေးခြင်းသည် သီးနှံများအထွက်တိုးစေခြင်းနှင့် ပျားမွေးမြူရာတွင်လိုအပ်မည့် ပစ္စည်းအကြောင်းတို့ကိုလည်းကောင်း၊ ပျားရည်ထုတ်ယူနည်းနှင့် ပျားများပြုစုပုံ အဆင့်ဆင့်၊ အစာကျွေးနည်းတို့ကိုလည်းကောင်း၊ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစာရိတ်/ အားနည်းချက်နှင့် အားသာချက်များအကြောင်း ကိုပျားအုံဖြင့် လက်တွေ့အသိပညာပေး ရှင်းလင်းခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၂၅ ဦးအား သင်တန်းကာလ မေလ ၈ ရက်မှ ၁၅ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ရာသီဥတုအလိုက်စိုက်ပျိုးမည့် နေကြာ ၊ ပြောင်း၊ ပန်းနှမ်းစိုက်ခင်းများတွင် ဝတ်မှုံများကူးပေးခြင်းဖြင့် စိုက်ပျိုးလုပ်ကိုင်သူများ သီးနှံများအောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံး ဦးကျော်လင်းထံမှ သိရသည်။
ကျော်ဝင်း(ကလော)