ကျိုင်းတုံ မေ ၁၁
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးစီးဖွင့်လှစ်သည့် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့် စက်ကိရိယာကိုင်တွယ်မောင်းနှင်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ယန်းလောကျေးရွာအုပ်စု၊ ဟွမ်ဟကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြက အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်းက သင်တန်းအတွက်လိုအပ်သည့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းသားများထံ ပေးအပ်သည်။
ထို့နောက် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်တာဝန်ရှိသူများက အုတ်ကြွပ်အမိုးပြားစက် အသုံးပြုဆောင်ရွက်မည့်နေရာအားကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးသည်။ အဆိုပါသင်တန်းသို့ ကျေးရွာနေဒေသခံပြည်သူ ၁၅ ဦး တက်ရောက်ပြီး မေ ၁၀ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)