တာချီလိတ်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

တာချီလိတ် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေး ပိုမိုကောင်းမွန်လာစေရေးနှင့် ဝန်ထမ်းများ၏ မီးဘေးတုံ့ပြန်နိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက စက်သုံးဆီအရောင်းဆိုင်များသည် မီးလောင်လွယ်သော နေရာများဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးနည်းစနစ်များကို စနစ်တကျ သိရှိနားလည်ထားရန် လိုအပ်ကြောင်း အမှာစကားပြောကြားပြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်း နာယက ဦးကြီးမြင့်က မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာများနှင့် လက်တွေ့လေ့ကျင့်မှုများကို ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းထက်အောင်နှင့် သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀ ဦးအား မီးဘေးဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများ၊ မီးသတ်ဆေးဘူးများ အသုံးပြုပုံ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးငြှိမ်းသတ်နည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၃ ရက်ကြာ ပို့ချလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)