ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နောင်တောင်းသီလရှင်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ဟိုပုံး မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌  ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က နောင်တောင်း သီလရှင်ကျောင်း၌ ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ရီရီဝင်းနှင့်ဝန်ထမ်းများက ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရေးစသည့်အချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ‌ခြင်ပေါက်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် သတိပြုရှောင်ကြဉ်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် စာသင်ခန်းများ၊ စာသင်ကျောင်းအတွင်းရှိ ရေလှောင်ကန်များနှင့် ရေအိုးများအား အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအားရှင်းလင်းခြင်း၊ စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုးစသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)