ပုဗ္ဗသီရိ မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၁၀ ရက်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွပ်၊ကျေးရွာအုပ်စုအုပ်ချုပ်ရးမှူးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသောတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများသည် စစ်မှုထမ်းကာလ ပြီးဆုံးသွားပြီဖြစ်သဖြင့် မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ပါကြောင်းနှင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း မိမိတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီများနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)