တောင်ကြီး မေ ၁၂
တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့၊ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောခရိုင်၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာအနီးရှိ အင်းခေါင်းဆည်အားကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တောင်သူများအတွက် ဆည်၏အကျိုးပြုပုံ၊ ရေဖြန့်ဝေပေးနိုင်မှုနှင့် သဲနုန်းများ တူဖော်ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ဟဲဟိုးဥယျာဉ်ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ဥယျာဉ်ခြံ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးက တိုင်းရင်းသားမိဘပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများအလိုက်စနစ်တကျ ကြိုးပန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးပညာဝံသအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး၊ အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။ ထို့နောက် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အား တက်ရောက်လာသည့် ကျေးရွာသူ/သားများသိရှိနားလည်နိုင်စေရန် ရှင်းလင်းတင်ပြသည်။ ထို့နောက် သိမ်ကုန်းကျေးရွာ၊ ပွင့်လန်းကျေးရွာများအား ပြည်နယ်ဝန်ကြီးကလည်းကောင်း၊ ပွင့်လန်းကျေးရွာ၊ မဲနယ်တောင်ကျေးရွာများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း တစ်ရွာလျင်ရန်ပုံငွေကျပ် (၁၅၀)သိန်းစီ ပေးအပ်ရာ ကျေးရွာသူ/သားများက လက်ခံရယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး(မြို့ပြ)၌လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး၌လည်းကောင်းဝန်ထမ်းများအား တွေ့ဆုံအားပေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)