မိုင်းပျဉ်း မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါကွင်းဆင်းရှာဖွေ ကုသမှုဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ယနေ့က တာကော်ကျေးရွာအုပ်စု၊ ဟွေဟင်(၇)မိုင်ကျေးရွာ၊ စာသင်ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိုင်းတုံ၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒေါက်တာနေဝန်းက တာကော်ကျေးရွာအုပ်စု၊ ဟွေဟင်(၇)မိုင်ကျေးရွာရှိ ကျေးလက်နေပြည်သူများအား ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောသည်။ ထို့နောက် ကျိုင်းတုံ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါရှာဖွေပေးခြင်းနှင့် မကူးစက်တတ်သောရောဂါများ စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးကြရာ ကျေးလက်ပြည်သူ (၂၀၃) ဦး လာရောက်ပြသကြပြီး၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ တီဘီဆေးကုသမှုပေးခြင်းနှင့် သွေးတိုး/ဆီချို ရောဂါရှိသူများအား စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တီဘီရောဂါကွင်းဆင်းရှာဖွေ ကုသမှုဆောင်ရွက်ပေးခြင်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ မိုင်းပျဥ်းမြို့နယ်အတွင်းရှိ တာကော်အုပ်စု၊ မိုင်းမန်းအုပ်စု၊ မိုင်းပုအွန်အုပ်စုနှင့် ပန်တားလေအုပ်စုတို့တွင် နေ့အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်ဆက်)