ကျောက်မဲ မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများကအမှာစကားများပြောကြားကာ သိရှိလိုက်နာရမည့် ဥပဒေအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကျောက်မဲမြို့နယ်မှ ၈ ဦး၊ သီပေါမြို့နယ်မှ ၁၀ ဦးနှင့် နောင်ချိုမြို့နယ်မှ ၅၄ ဦး၊ စုစုပေါင်း ၇၂ ဦးတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအသီးသီးပေးအပ်ကြပြီး ပြန်လည်ဝင်ရောက်လာသူများကိုယ်စား မသိမ့်သိမ့်ထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ခံဝန်ကတိလက်မှတ်များ ရေးထိုးခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများကဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား စားသောက်ဖွယ်ရာများဖြင့် ရင်းရင်းနှီးနှီး တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)