မိုးနဲ မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရှိရာ ယခုကာလတွင် မကြာမီ ပေါ်ထွက်တော့မည့် လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်နေပြီး အသီးထွက်နှုန်းကောင်းမွန်ရေး တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။
လိုင်ချီးပင်များသည် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ကြောင်း၊ ယခင်နှစ်တွင် လိုင်ချီးသီးများ အထွက်နှုန်း လျော့နည်းခဲ့ကြောင်း၊ လိုင်ချီးပင်များကို မိမိတို့ အိမ်ခြံဝင်း နေရာလွတ်များနှင့် ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားကြကြောင်း၊ ယခင်နှစ်တွင် လိုင်ချီးသီးတစ်ပိသာလျှင် ကျပ် (၅၀၀၀) အထိ ရရှိကာ ဈေးကောင်းရရှိသည့်အတွက် လိုင်ချီးပင်များကို ပြန်လည်ပြုပြင် ထိန်းသိမ်းလာကြသကဲ့သို့ ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ လူကြိုက်များသော အစားအစာဖြစ်သည့်အတွက် အရောင်းသွက်ကြောင်းနှင့် ယခုနှစ်တွင်လည်း ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း၊ လိုင်ချီးပင်များကို စတင်စိုက်ပျိုးချိန်မှစ၍ အသီးသီးရန် (၃)နှစ်သာ စောင့်ဆိုင်းကြရကြောင်း စိုက်ပျိုးတောင်သူထံမှ သိရသည်။
ဇင်ကိုကို