ပူတာအို မေ ၁၃
ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ကချင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဥက္ကဋ္ဌ ဦးချန်းဂျောင်ဆားရ်၊ ဥပဒေကြမ်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြအုန်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခေါ်ဆာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်မိုးသီတာသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မေ(၁၂)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများတွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်း လင်းသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက နိုင်ငံတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် မဏ္ဍိုင်ကြီး (၃)ရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏အဓိကတာဝန်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုသူများဖြစ်သည့်အလျောက် လူမှုအဖွဲ့အစည်းကို စီမံအုပ်ချုပ်ရန်အတွက် စည်းမျဉ်းဥပဒေများကို မူကြမ်းရေးဆွဲပုံဖော်ပြဌာန်းပေးရန်တာဝန်ရှိပါကြောင်း၊ ဒေသခံပြည်သူလူထု၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲမှုလျော့ချရေးကို အထောက်အကူဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေများပြင်ဆင်ရေး၊ အသစ်ပြဌာန်းနိုင်ရေးကို လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပထမအကြိမ် ကချင်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ဥပဒေ(၄၃)ခု၊ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ဥပဒေ(၂၇)ခု ပြဌာန်းရေးဆွဲနိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၂)တွင်ပါရှိသည့် ဥပဒေပြုစာရင်းတွင်ကျန်ရှိသည့် ဥပဒေ(၄၇)ခုကိုလည်း ယခုတတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ဦးစားပေးအလိုက်ပြဌာန်းနိုင်ရေးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်၏ရေးရာကော်မတီဥက္ကဋ္ဌများက မိတ်ဆက်ခြင်းနှင့်ရေးရာ ကော်မတီ၏လုပ်ငန်းတာဝန်ကိုရှင်းလင်းတင်ပြကြပြီး ဒေသခံပြည်သူများကိုယ်စား မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိလမ်းမကြီးများတွင် ဆိုလာမီးတပ်ဆင်ပေးနိုင်ရေးနှင့်ကျောင်းဖွင့်ရာသီအမှီ ကျောင်းသုံးပုံနှိပ်များနှင့် ဗလာစာအုပ်များရောက်ရှိရေးတို့ကိုရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးကာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ၊ ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုအသင်းလေးသင်းအား ကျပ်ငါးသိန်းစီပေးအပ်လှူဒါန်းသည်။
ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့နယ်၊ ဇီဒမ်းကျေးရွာ-၂ ပြည်သူများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီး ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပေးအပ်သော အထွက်တိုး ဆင်းဧရီ-၃ မျိုးစပါး(၁၀)တင်းကိုလည်းကောင်း၊ ဇီးဒမ်းကျေးရွာ-၂ နေ ပြည်သူ(၃၆၉)ဦးအတွက် ချီးမြှင့်ငွေကျပ်သိန်း(၂၂,၁၄၀,၀၀၀)ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့အပြင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ဘဏ္ဍာ ရေးနှစ် လျာထားစာရင်းတွင် ထည့်သွင်းလျာထားဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် လမ်းနှစ်လမ်းအား ကျောက်ချောလမ်းနှင့်ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး၊ ကောင်ကထောင်ရပ်ကွက်နှင့်မကျော့ဝေါ့ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းနိုင်ရေးနှင့် တံတားတစ်စင်းတည်ဆောက်ပေးနိုင်ရေး၊ ပူတာအိုမြို့လေယာဉ်ကွင်းရပ်ကွက် လွင်ပြင်ပတ်လမ်းအစ ကတ္တရာလမ်းအား ကတ္တရာလမ်းထပ်ပိုး လွှာခင်းပေးနိုင်ရေး၊ ပူတာအိုမြို့နယ်၊ ခီဆီဒီကျေးရွာ တောင်သူ ဒေါ်အားညီနိုက နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စိုက်ပျိုးအောင်မြင်သည့် ဟင်းခတ်အမွှေးအကြိုင် အလေချီစိုက်ခင်းအားကြည့်ရှုစစ်ဆေးခြင်း၊ အဒေဒီကျေးရွာဘုရားကျောင်းနှင့် ကျမ်းစာကျောင်းသွားလမ်းပေ (၁၀၀၀)အား ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး၊ မူလာဒီကျေးရွာမှ ကျမ်းစာကျောင်းသွားလမ်းပေ(၁၀၀၀)အား ကျောက်ချောလမ်းခင်းပေးနိုင်ရေးနှင့် ဇီဒမ်း-၂ ကျေးရွာတွင်းလမ်းမအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ချောလမ်းခင်းပေးနေမှုအားကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်