အိမ်မဲမြို့တွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်

အိမ်မဲ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေထွန်းနှင့် မြို့နယ်တီဘီတာဝန်ခံဆရာတို့က စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူ (၂၀) ဦးအား တီဘီရောဂါအကြောင်း၊ တီဘီရောဂါရှာဖွေခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါအကြောင်း၊ ဆေးတိုက်ကျွေးသူများ၏အခန်းကဏ္ဍ၊ တီဘီရောဂါကာကွယ်ခြင်းနှင့် ကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်းစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ သင်တန်းသားများအား သင်တန်းအကြို ဆန်းစစ်မေးခွန်းများဖြေဆိုခြင်း၊ မြို့နယ်တီဘီကြီးကြပ်မှ ပြည်သူလူထု၊ လူနာနှင့်မိသားစုတို့ အားကျန်းမာရေးပညာပေးခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ စေတနာ့ဝန်ထမ်းများအသုံးပြုရမည့် လစဉ်အစီရင်ခံစာပုံစံများအား ရှင်းလင်းခြင်းနှင့် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှပူးပေါင်းပြီး စေတနာ့ဝန်ထမ်းတစ်ဦးလျှင် လမ်းစရိတ် (၁၀၀၀၀) ကျပ်အား မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌမှ ပေးအပ်ခဲ့ပြီး သင်တန်းဆရာများနှင့် သင်တန်းသူများအား နေ့လယ်စာထမင်းဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို၂၀၂၆ ခုနှစ် ဧပြီလ၂၃ ၊ ၂၄ ရက်နေ့တို့၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (နေပြည်တော်) တွင် ဖွင့်လှစ်ခဲ့သည့် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး သင်တန်း၏လမ်းညွှန်ချက်အရ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)