ဝါးခယ်မ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ်(၁၀၁၄/က)၊ ဦးပိုင်အမှတ်(၁က/၂)ရှိ တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေ(၅)ဧကတွင် ယနေ့ နံနက် ၈ နာရီခွဲက သဘာဝမြေဩဇာ (EM ဘိုကာရှီ) ပြုလုပ်နည်း သရုပ်ပြခြင်း၊ ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများအား ဝါးခယ်မမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်း နှင့်အဖွဲ့က သဘာဝမြေဩဇာ (EM ဘိုကာရှီ) လက်တွေ့ ပြုလုပ်၍ သရုပ်ပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်တို့က တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ကြပြီး တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေအတွင်း ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ခြင်းတို့ကို ပြုလုပ်သည်။
ထို့နောက် ကျွန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာနသို့ ကျောင်းဆောင်သစ် လွှဲအပ်လှူဒါန်းပွဲ အခမ်းအနားကို ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် အလှူရှင် ဦးကျော်စွာ နှင့် ဒေါ်အေးစီ (ချမ်းမြေ့ဆန်စက်) မိသားစုက လှူဒါန်းသည့် ၁၆၀ပေ၊ ၃၀ ပေ Steel Structure တစ်ထပ်၊ စုစုပေါင်းကုန်ကျငွေကျပ် ၃၃၆ သန်း တန်ဖိုးရှိ ကျောင်းဆောင်သစ် ဆောက်လုပ်ခဲ့မှုမှတ်တမ်းအား ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးခင်မောင်ထွေးထံသို့ လွှဲပြောင်းပေးအပ်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)