နေပြည်တော် မေ ၁၃
၂၀၂၆ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲကျင်းပရာသို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မူးယစ်တပ်ဖွဲ့စု (၁၀၁) နေပြည်တော်မှ ဒုတိယရဲမှူး ထွန်းမြတ်ဦးနှင့် တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို နေပြည်တော်အတွင်းရှိ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူငါးဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦး၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူတစ်ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၃၀ ဦးတို့က “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ”၊ “လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင် ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ”၊ “မူးယစ်ကင်းစင် တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ-လုံခြုံလှ”၊ “နိုင်ငံအနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့”၊ “ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့”၊ “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့” စသည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)