ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ကျောက်မဲ မေ ၁၃

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ရွှေက အဖွင့်လမ်းညွှန်အမှာစကားပြောကြားရာ၌ ယခုစီမံကိန်းသည် အမျိုးသားစီမံကိန်းကော်မရှင်မှ အတည်ပြုထားသည့်ဥပဒေပါ ရည်မှန်းချက်များဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စိုက်ပျိုးမွေးမြူရေးအခြေခံ MSME စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဦးတည်ထားကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သာမန်လုပ်ရိုးလုပ်စဉ်သဘောမျိုးမဟုတ်ဘဲ ထူးခြားလေးနက်သည့်လုပ်ငန်းစဉ်အဖြစ် ခံယူဆောင်ရွက်ကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မြို့နယ်ဥက္ကဋ္ဌက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ကျောက်မဲမြို့နယ်၏ GDP ကို ပုံမှန်ဈေးနှုန်းအရ ကျပ်ဘီလီယံ (၁၂၇.၃၅) ဖြင့် (၁.၂) ရာခိုင်နှုန်းတိုးတက်ရန်လျာထားကြောင်း၊ ကဏ္ဍအလိုက်ပါဝင်မှုမှာ လယ်ယာကဏ္ဍ (၄၉.၅%)၊ စက်မှုကဏ္ဍ (၁၀.၅%)နှင့် ဝန်ဆောင်မှုကဏ္ဍ (၄၀.၀%) အသီးသီးဖြစ်ကြောင်း၊ လူတစ်ဦးချင်းဝင်ငွေ ကျပ် (၁,၀၅၂,၅၃၈) ရရှိရန်နှင့် ဌာနအဖွဲ့အစည်း (၂) ခုအတွက် ကျပ် (၁၂.၁) သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရဝေထွန်းက စီမံကိန်းရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြပြီး၊ မြို့နယ်ဥက္ကဋ္ဌက လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများထံ စီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)