သီပေါ မေ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရန်နှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်စိုးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံတို့က အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မိုးစပါးများအထွက်နှုန်းကောင်းမွန်ရေး၊ သဘာဝမြေဆွေးကို တောင်သူများကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေးနှင့် သဘာဝမြေဆွေးကို စနစ်တကျအသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးသွင်းအားစုစရိတ်များလျော့ချနိုင်ခြင်း၊ မြေဆီလွှာအရည်အသွေးကောင်းမွန်လာခြင်း၊ သီးနှံများအာဟာရပြည့်ဝစွာဖြင့် ကြီးထွားနှုန်းမြန်ဆန်စေခြင်းတို့အပြင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တောင်သူများ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါတောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ ဒေသခံတောင်သူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)