မြိတ် မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးဧက(၁၀၀၀)အား ကန် ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် စပါးစိုက်ပျိုးရာ၌ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် မေ(၁၂)ရက် မွန်းလွဲပိုင်းက ကျောက်ဖျာကျေးရွာရှိ OK ရတနာ အဆင့်မြင့်ဆန်စက်တွင် ဌာနဆိုင်ရာများမှ တောင်သူများအား ပညာပေးဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က စပါးစိုက်ပျိုးရာ၌ “မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက် ” ဆိုသည့်အတိုင်း တောင်သူများအနေဖြင့် မြေယာ ပြုပြင်ထွန်ယက်ခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရန် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကန်ထရိုက်လယ်ယာစနစ်အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းမိုးက စပါးစိုက်ပျိုးရာတွင် လိုအပ် သော သွင်းအားစုများကို တောင်သူများအား မတည်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး OK ရတနာအဆင့်မြင့်ဆန်စက်ပိုင်ရှင် ဦးထွေးဝေက ကန်ထရိုက်လယ်ယာစနစ်ကို သက်ဆိုင်ရာဌာန၏ မူဝါဒများနှင့်အညီတောင်သူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက စပါးအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစပါးများ ရွေးချယ်အသုံးပြုရန်နှင့်လိုအပ်သည့် သွင်းအားစုများကို လည်းအသုံးပြုကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဒုဥက္ကဋ္ဌ ဦးထွန်းမင်းမှ သမဝါယမအခန်းကဏ္ဍဖြင့် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များနှင့် လိုအပ်ချက်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။ ဆွေးနွေးပွဲသို့ ကျောက်ဖျာ၊ အထူးဆိပ်၊ ကဘင်း၊ အဒွင်း၊ ဝန်ဖို့၊ ပရည်တောင်၊ သဘွတ်၊ ပင်းအို၊ သစ်ယာဝနှင့် သဗျာ ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့သည်။ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါးဧက(၁၀၀၀)ကို ကျေးရွာ(၅)ရွာတွင် ဌာနဆိုင်ရာများ၊ OK ရတနာဆန်စက်နှင့် တောင်သူများပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)