ကျိုက်လတ် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက အချိန်စေ့ကြွေးပြေကျေ တောင်သူများသို့ ယခုနှစ်တွင် ချေးငွေနှုန်းထားတိုးမြှင့်၍ စပါးတစ်ဧက (၃)သိန်းနှုန်း၊ ပဲတစ်ဧက(၂)သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ကျေးရွာအုပ်စု(၈၉)အုပ်စု၊ တောင်သူ(၄၃၀၀)ဦး၊ စပါးစိုက်ဧက(၄၀၅၃၂)ဧက၊ ချေးငွေ (၁၂၁၅၉.၆၀)သန်းအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးသွားမှာဖြစ်ကြောင်းနှင့် ချေးငွေထုတ်ချေးသော တောင်သူများအား ချေးငွေစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ကိုကို၊ ဦးဇော်ဝေထက်နှင့် ဦးစိန်မြင့်နှင့် ချေးငွေအကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဒေါပုံကျေးရွာအုပ်စု၊ တောင်သူ(၈၀)ဦး၊ စပါးဧက (၅၅၄)ဧက၊ ချေးငွေကျပ်သိန်း (၁၆၆၂.၀၀) အား တောင်သူများထံ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)