ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရန် မြို့နယ်ပညာရေးမှူးရုံး၌ ယနေ့နံနက်ပိုင်း ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို အခြေခံပညာကျောင်းများအား အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ် ပညာရေးမှူး ဦးမြင့်ဇော်ဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများထံသို့ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၃၀ ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၉ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၉ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း ၁၈၆ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)